This post is also available in: English

တချို့မဂ္ဂဇင်းတွေ၊ ကြော်ငြာတွေမှာ မကြာခဏတွေ့ရလေ့ရှိတဲ့ လိပ်ပိုင်းဆိုင်ရာပုံရိပ်တွေပါဝင်တဲ့ ကြော်ငြာတွေကို တွေ့ဖူးကြမှာပါ။ ဒါတွေက တကယ်တော့ လူတွေဆီကနေ အာရုံစိုက်ခံရအောင်ပြုလုပ်ကြတဲ့နည်းလမ်းတွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက လုပ်ငန်းအားလုံးနဲ့တော့ မသင့်တော်ပါဘူး။

တချို့မာကတ်တင်းသမားတွေက ရေမွှေး၊ အဝတ်အစား၊ အစားအစာ စတဲ့ကုန်ပစ္စည်းတွေကို စားသုံးသူတွေဆီကနေ အာရုံစိုက်ခံရစေဖို့အတွက် လိင်ပိုင်းဆိုင်ရာပုံရိပ်တွေကို မကြာခဏဆိုသလို အသုံးပြုလေ့ရှိကြပါတယ်။

အဲ့ဒီလို လိင်ပိုင်းဆိုင်ရာပုံရိပ်တွေနဲ့ ကြော်ငြာတွေလုပ်တာက မိမိတို့လုပ်ငန်းအတွက် အန္တရာယ်ရှိတဲ့ရွေးချယ်မှုတခုလို့ ထင်ရသော်လည်းပဲ၊ တခါတရံ တချို့ကုန်ပစ္စည်းတွေအတွက် အလုပ်ဖြစ်နေတာမျိုး ကြုံတွေ့ရတတ်ပါတယ်။

အချို့သောလုပ်ငန်း၊ အချို့သောထုတ်ကုန်တွေအတွက် လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီး ကြော်ငြာတာမျိုးက မလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် မိမိလုပ်ငန်း၊ မိမိထုတ်ကုန်ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တဲ့အထိ အန္တရာယ်ရှိတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့လုပ်ငန်းတိုင်းမှာ မတူညီတဲ့ Customer အမြင်တွေ အမျိုးမျိုးရှိလို့ပါပဲ။ ဒါတွေကို လုပ်ငန်းရှင်တွေနဲ့ မာကတ်တင်းသမားတွေ သတိပြုဆင်ခြင်တာ မမှားပါဘူး။

University of Georgia (UGA) ရဲ့လေ့လာမှုတခုအရ နှစ်ပေါင်း (၃၀) အတွင်း မဂ္ဂဇင်းတွေမှာထည့်သွင်းအသုံးပြုခဲ့တဲ့ လိင်ပိုင်းဆိုင်ရာပုံရိပ်တွေနဲ့ကြော်ငြာတွေကတဆင့် ထုတ်ကုန်တွေကို စျေးကွက်ချဲ့ထွင်တဲ့နေရာမှာ စားသုံးသူတွေကို အဲ့ဒီထုတ်ကုန်တွေက လွှမ်းမိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ International Journal of Advertising မှာတော့ လိင်ပိုင်းဆိုင်ရာပုံရိပ်တွေအသုံးပြုပြီး ကြော်ငြာတဲ့ထုတ်ကုန်၊ လုပ်ငန်းတွေက အမြဲတမ်းမရောင်းရဘူးလို့ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီးရောင်းချတာက ဘာကြောင့်လွှမ်းမိုးမှုရှိတာလဲ?

လိင်ပိုင်းဆိုင်ရာပုံရိပ်တွေက လူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ အဲ့ဒီလိုပဲ မာကတ်တင်းနည်းစနစ်တခုအနေနဲ့ လိင်ပိုင်းဆိုင်ရာပုံရိပ်နဲ့ အဖော်အချွတ်အသုံးပြုပြီး အစောဆုံးကြော်ငြာခဲ့တဲ့အထဲမှာ Pearl Tobacco လို့ခေါ်တဲ့ ကုမ္ပဏီတခုရှိပါတယ်။

အဲ့ဒီကုမ္ပဏီက ၁၈၇၁ ခုနှစ်မှာ သူ့ရဲ့ကုန်အမှတ်တဆိပ်တခုကို အမျိုးသမီးတဦးရဲ့ အဖော်အချွတ် ကိုယ်လုံးတီးပုံနဲ့ ထုတ်ပိုးမှုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကစပြီး အဲ့ဒီထုတ်ကုန်ဟာ အတော်လေးပေါက်သွားခဲ့ရာကနေ အခြားလုပ်ငန်းတွေကလည်း လိင်ပိုင်းဆိုင်ရာပုံရိပ်တွေကို အရောင်းနည်းဗျူတခုအဖြစ် စတင်လက်ခံလာခဲ့ကြတာ ဒီကနေ့အထိပါပဲ။

ဒီကိုနှိပ်ပြီး ပုံကြည့်နိုင်ပါသည်

လိင်ကိစ္စလို့ပြောလိုက်တာနဲ့ အတော်များများက ရှက်စရာ၊ မနှစ်မြို့စရာတခုအဖြစ် တားမြစ်ထားတဲ့ အကြောင်းအရာတခုဖြစ်သော်လည်း မာကတ်တင်းမှာ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီး ကြော်ငြာတဲ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ထုတ်ကုန်တွေကို လူတွေကမှတ်မိနေအောင် လှုံ့ဆော်တဲ့ကြော်ငြာမျိုး ပြုလုပ်လေ့ရှိပါတယ်။

“ ကြော်ငြာပြုလုပ်သူတွေက လိင်ပုံရိပ်တွေကိုအသုံးပြုပြီးကြော်ငြာကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒါက အရမ်းထိရောက်နိုင်လို့ပါ”

TOM REICHERT (UGA DEPARTMENT OF ADVERTISING AND PUBLIC RELATIONS)

UGA ရဲ့လေ့လာမှုအရ ဆယ်စုနှစ် (၃) ခုကျော်အတွင်း ကြော်ငြာတွေမှာ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုမှု ပိုပြီးကြီးထွားလာတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့တွေ့ရှိခဲ့တဲ့အချက်အလက်တွေအရ အဲ့ဒီလို ကြော်ငြာတွေမှာ လိင်ပိုင်းဆိုင်ရာအသုံးပြုကြတာက လုပ်ငန်းအမျိုးအစားတချို့တွေမှာပဲ အသုံးပြုကြတာကို တွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။

အဲ့ဒီလို လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီး ကြော်ငြာတာတွေတိုးပွားလာခြင်းကလည်း ထုတ်ကုန်ပိုင်းတွေမှာ လိင်ပိုင်းဆိုင်ရာပါဝင်တဲ့ထုတ်ကုန်တွေ တဖြေးဖြေးတိုးပွားလာခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုမျိုးထုတ်ကုန်တွေကလွဲပြီး ကျန်တဲ့ထုတ်ကုန်အမျိုးအစားတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီး ကြော်ငြာတာမျိုးပြုလုပ်ဖို့မလိုအပ်ဘူးလို့ဆိုပါတယ်။

အထူးသဖြင့် အရက်၊ ဖျော်ဖြေရေးနဲ့ အလှအပ၊ တချို့အဝတ်အစားကြော်ငြာတွေ ဒီဘက်ခေတ်ဆိုရင် တဖြေးဖြေးပိုများလာတာကို သတိထားမိကြမှာပါ။ အဲ့ဒီရဲ့ ကြော်ငြာတွေမှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာပုံရိပ်တွေကို မာကတ်တင်းနည်းတခုအဖြစ် အသုံးပြုနေကြတာ Social Network ပေါ်မှာ ကျနော်တို့မကြာခဏဆိုသလို တွေ့ဖူးကြမှာပါ။

ဆယ်စုနှစ် (၃) ခုအတွင်းလေ့လာဆန်းစစ်မှုတွေအရ ကုန်ပစ္စည်းအမျိုးအစား (၁၈) မျိုးမှာအသုံးပြုတဲ့ ကြော်ငြာတွေမှာ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုမှုအများဆုံးက – ကျန်းမာရေးနှင့် တကိုယ်ရေသန့်ရှင်းမှုက (၃၈%)၊ အလှအပဆိုင်ရာက (၃၆%)၊ ဆေးနှင့် ဆေးဝါးက (၂၉%)၊ အဝတ်အစားက (၂၇%)၊ ခရီးသွားလုပ်ငန်းက (၂၃%) နဲ့ ဖျော်ဖြေရေးက (၂၁%) ရှိတယ်လို့ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီးကြော်ငြာတာက မသင့်လျော်တဲ့နေရာ၊ မသင့်လျော်တဲ့အချိန်၊ မသင့်လျော်တဲ့ထုတ်ကုန်အတွက်ဆိုရင် အထောက်အကူမဖြစ်စေပါဘူး။ အဲ့ဒီလိုလုပ်ပြီးရောင်းတာက ကြော်ငြာကိုတော့ မှတ်မိကောင်းမှတ်မိနိုင်ပေမယ့် အမြဲရောင်းနေရမှာမဟုတ်ပါဘူး။

“ လူတွေက လိင်ပိုင်းဆိုင်ရာပုံရိပ်နဲ့ ဆွဲဆောင်မှုရှိတဲ့ကြော်ငြာတွေကို ပုံမှန်ကြော်ငြာတွေထက်ပိုပြီးတော့ မှတ်မိကြပါတယ်။ ဒါပေမယ့် အဲ့ဒီရဲ့အကျိုးသက်ရောက်မှုက ကြော်ငြာမှာပါတဲ့ အမှတ်တံဆိပ်၊ ဒါမှမဟုတ် ထုတ်ကုန်ကို သက်ရောက်မှုမရှိပါဘူး”

JOHN WIRTZ (UNIVERSITY OF ILLINOIS)

ပရဟိတအဖွဲ့၊ လူမှုကူညီရေးအဖွဲ့ စတဲ့အဖွဲ့အစည်းတွေဟာ လူမှုဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဘဝတွေကို ပြန်လည်ပေးကမ်းခြင်းနဲ့ မြှင့်တင်ရေးလုပ်ငန်းတွေမှာ အာရုံစိုက်လုပ်ဆောင်ကြတာဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်းတွေအတွက် ငွေကြေးရှာဖွေတာ၊ လူသိများလာအောင် ကြော်ငြာတဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီးလုပ်မယ်ဆိုရင် အလှူရှင်တွေကို မှားယွင်းတဲ့အမြင်မျိုးပေးမိတာနဲ့ အတူတူပါပဲ။ အဖွဲ့အစည်းကို အများကြီးထိခိုက်စေနိုင်ပါတယ်။

အလားတူပဲ ကွန်ပျူတာနဲ့ နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ကြော်ငြာတွေကို လိင်ပိုင်းဆိုင်ရာပုံရိပ်တွေအသုံးပြုကြလေ့မရှိပါဘူး။ ဒါပေမယ့် ရှားရှားပါးပါး တချို့ အသုံးပြုကြတာတော့ရှိပါတယ်။ အများစုက ဘာလို့အဲ့ဒီလိုမကြော်ငြာကြလဲဆိုတော့ နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီ၊ ထုတ်ကုန်တွေက ပရဟိတအဖွဲ့တွေလိုမျိုးပဲ သူတို့လုပ်ငန်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုကိုပဲ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ဖို့ပဲ လိုအပ်လို့ဖြစ်ပါတယ်။

နည်းပညာကုန်ပစ္စည်းတွေ၊ လုပ်ငန်းတွေဟာ သူတို့လုပ်ငန်း၊ သူတို့ထုတ်ကုန်ဟာ ဘယ်လောက်ယုံကြည်စိတ်ချရကြောင်း သူတို့ရဲ့စားသုံးသူတွေကို သိစေဖို့ကြော်ငြာလုပ်တဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုတာက နဂိုနာမည်ရနေပြီးသားလုပ်ငန်းကိုပါ နာမည်ထိခိုက်စေနိုင်ပါတယ်။

နည်းပညာလုပ်ငန်း၊ နည်းပညာထုတ်ကုန်တွေဟာ ကျနော်တို့အနားယူချိန်မှာ သောက်သုံးလေ့ရှိတဲ့ ဘီယာမဟုတ်ပါဘူး။ လူတိုင်းဝတ်ဆင်လေ့ရှိတဲ့ အတွင်းခံ၊ ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာ အသုံးအဆောင်တခုဖြစ်တဲ့ ကွန်ဒုံးနဲ့ဆေးဝါးကြော်ငြာမဟုတ်ပါဘူး။ အိုင်တီပစ္စည်းတွေမှာ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုတာက သင့်လျော်တဲ့ကြော်ငြာနည်းစနစ်တခုမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။

အိုင်တီလုပ်ငန်းနဲ့ အနီးစပ်ဆုံးကြည့်မယ်ဆိုရင် တချိန်က လိင်ပိုင်းဆိုင်ရာပုံရိပ်တွေနဲ့ ကြော်ငြာဖူးတဲ့ Domain Name, Web Hosting, VPS, Email Service စတဲ့ထုတ်ကုန်တွေရောင်းတဲ့ GoDaddy တောင်မှ ၂၀၁၂ ခုနှစ်လောက်ကစပြီး သူ့ရဲ့ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး ပရော်ဖက်ရှင်နယ်ထုတ်ကုန်အမှတ်အသားတခုအဖြစ် ပြောင်းလဲပစ်ခဲ့တာကိုကြည့်နိုင်ပါတယ်။ (GoDaddy က အရင်ကလိင်ပိုင်းဆိုင်ရာကြော်ငြာတွေ အသုံးပြုခဲ့ဖူးပါတယ်)

လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီးကြော်ငြာခြင်းက မိမိလုပ်ငန်းနဲ့ သင့်လျော်ပါသလား?

ကုန်အမှတ်တံဆိပ်၊ ထုတ်ကုန်တွေကို လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီး ကြော်ငြာကြတာက အထူးအဆန်းမဟုတ်ပေမယ့်၊ ဘယ်လိုထုတ်ကုန်မျိုးကို ကြော်ငြာချင်တာလည်းဆိုတာကို မကြော်ငြာခင် ဒီအချက်တွေအရင်ဦးဆုံး ထည့်သွင်းစဥ်းစားသင့်တယ်လို့ မြင်ပါတယ်။

တချို့သောစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကုန်ပစ္စည်းအမျိုးအစားတချို့ကို သတ်သတ်မှတ်မှတ်ရောင်းချရာကနေ ပုံစံပြောင်းလဲပြီး စျေးကွက်အသွားအလာမှာ ဘာတွေအလုပ်ဖြစ်နေလည်းဆိုတာလေ့လာပြီး Trader လို့ခေါ်တဲ့ ဝယ်ရောင်းပုံစံမျိုးကို ထည့်သွင်းလုပ်ကိုင်ကြတာ တွေ့ရပါတယ်။

Trading လုပ်တာမို့ ရောင်းချတဲ့ပစ္စည်း အချိန်ဘယ်လောက်အတွင်းမှာ ဘယ်နှစ်ခုကုန်သွားတယ်၊ ပစ္စည်းပြတ်သွားတယ်ဆိုတာ Trading မှာ ပုံမှန်ပါပဲ။ အချိန်ရှိတုန်းရောင်းမထွက်ရင် ရှုံးမှာထက် လက်ထဲပိုက်မိနေပြီး နောက်ရာသီပြန်ရောင်းလို့ရတဲ့ကုန်ပစ္စည်းဆိုရင်တောင်မှ အနည်းဆုံးတော့ ငွေအိပ်တာပေါ့။ လိင်ပိုင်းဆိုင်ရာပုံရိပ်နဲ့ပို့စ်တွေကြောင့်ရတဲ့အရောင်းတွေက ကိုယ့်လုပ်ငန်းရဲ့ ပုံမှန်စားသုံးသူတွေ ဝယ်ကြတာဟုတ်ချင်မှဟုတ်မှာပါ။ Trader အချင်းချင်း ပြန်ဝယ်ရောင်းလုပ်နေကြတာလည်းဖြစ်နိုင်တယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။

ကြော်ငြာတခုမလုပ်ခင်မှာ ကိုယ့်လုပ်ငန်း အမှတ်တံဆိပ်ရဲ့ ဂုဏ်သတင်း၊ လူတွေ ကိုယ့်လုပ်ငန်းကိုဘယ်လိုမြင်ကြလဲဆိုတာကို သေချာစဥ်းစားသင့်ပါတယ်။ Brand Builder လုပ်ငန်းရှင်တွေအနေနဲ့ မိမိရဲ့ကုန်အမှတ်တံဆိပ်တခုကို အချိန်ကြာကြာ လူတွေရဲ့ယုံကြည်မှုတခုရအောင် တည်ဆောက်ရတာ မလွယ်ကူပါဘူး။ ရေတိုလုပ်ဆောင်မှုတချို့က ရေရှည်မှာ ကိုယ့်ရဲ့ကုန်အမှတ်တံဆိပ်ကို ပျက်စီးစေနိုင်သလားဆိုတာ ထည့်သွင်းစဥ်းစားဖို့အရေးကြီးပါတယ်။

နောက်တခုကတော့ ကိုယ်ရည်ရွယ်ထားတဲ့ စားသုံးသူတွေက ဘယ်လိုမျိုးတွေလဲဆိုတာကို ထည့်စဥ်းစားဖို့လိုပါမယ်။ ကိုယ်ရောင်းချနေတဲ့ ကုန်ပစ္စည်းအမျိုးအစားက ဘယ်သူတွေကို ဦးတည်တာလဲ၊ ဘယ်အသက်အရွယ်အပိုင်းအခြား၊ ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ် စသည်ဖြင့် သေချာစဥ်းစားဖို့လိုပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ Business Page ကနေတင်တဲ့အခါ Follower တွေအပြင် ဆက်နွယ်နေတဲ့သူတွေပါမြင်မှာဖြစ်ပါတယ်။

တကယ်တော့ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုထားတဲ့ ကြော်ငြာတွေက ကိုယ့်လုပ်ငန်းအတွက် အန္တရာယ်များပါတယ်။ ဘာဖြစ်ဖြစ် လုပ်မယ်ဆိုရင်တောင် အန္တရာယ်များတဲ့ ရွေးချယ်မှုတခုဖြစ်ပါတယ်။ ပုံမှန်အားပေးနေတဲ့ စားသုံးသူတွေကတောင် ကိုယ့်လုပ်ငန်းကို ဖယ်ခွာသွားတတ်ကြတာကို သတိပြုပါ။ အဲ့ဒီလိုပဲ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုထားတဲ့ ကြော်ငြာတွေကို အမျိုးသမီးအများစုက မနှစ်သက်ကြပါဘူး။ မမြင်ချင်ကြပါဘူး။ မမြင်ချင်ကျော်သွားပေါ့လို့တော့ ပြောလို့မရဘူးပေါ့။

ပုရိသယောကျ်ားအများစုအတွက် လိင်ပိုင်းဆိုင်ရာပုံရိပ်တွေသုံးထားတဲ့ ကြော်ငြာမျိုးဆိုရင် နှစ်သက်တတ်ကြပေမယ့် အဲ့ဒီနှစ်သက်မှုက ကြော်ငြာပါထုတ်ကုန်နဲ့ လုပ်ငန်းကို နှစ်သက်တာမျိုး မဟုတ်ကြတာများပါတယ်။ လိင်ပိုင်းဆိုင်ရာပုံရိပ်တွေအပြင် Sexual Harassment စကားလုံးတွေပါတဲ့ Content မျိုးတွေကလည်း မာကတ်တင်းသမားတွေသုံးလေ့ရှိကြတဲ့ Trending ကိုလိုက်တဲ့ မာကတ်တင်း ကွန့်တန့်မျိုးမဟုတ်ဘူးဆိုတာကို Digital Marketing လုပ်တဲ့သူတွေနဲ့ Page ကိုင်တဲ့သူတွေ သတိပြုဖို့လိုပါတယ်။

Facebook လိုနေရာမျိုးမှာ လိင်ပိုင်းဆိုင်ရာပုံရိပ်အသုံးပြုပြီး ကြော်ငြာတဲ့ Content တွေက လူသိများဖို့၊ ရောင်းရဖို့ထက် Engagement တွေအရမ်းများလာတာ အမြတ်ပဲဆိုရင်တော့လည်း ကြော်ငြာပို့စ်အောက်က Comments ရဲ့ Feedback တွေက အဖြေပဲဖြစ်ပါတယ်။

This post is also available in: English