This post is also available in: English

Marketing လို့ပြောလိုက်တာနဲ့ ဒီဘက်ခေတ်မှာ နေရာတော်တော်များများမှာ လူပြောများနေတဲ့အကြောင်းအရာတခုအဖြစ် ရှေ့တန်းမှာရှိနေတဲ့အကြောင်းအရာတခုပါ။ Facebook မှာဆိုလည်း Marketing နဲ့ပတ်သတ်တဲ့သင်တန်းတွေမှ တကယ့်ကိုအများကြီးပါပဲ။ Marketing ဆိုတာကို အလွယ်ပြောရရင် မြန်မာလိုဆိုရင်တော့ စျေးကွက်ရှာဖွေတယ်လို့ခေါ်မှာပေါ့။ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်ဆိုသလို Marketing က လုပ်ငန်းတိုင်းအတွက် အရေးပါပါတယ်။ ဒါပေမယ့် Marketing က ဘာကြောင့် အရမ်းအရေးကြီးတာလဲ?

ကျနော်တို့နှစ်တွေပြောင်းလဲလာတာနဲ့အမျှ Marketing လုပ်ပုံလုပ်နည်းတွေ၊ စကားလုံးတွေဟာ ပြောင်းလဲလာပါတယ်။ အခုခေတ်ဆို လုပ်ငန်းတိုင်းလိုလိုက Marketing ဆိုတာကို တွင်တွင်သုံးပြီး လုပ်လာကြပါပြီ။ Marketing နဲ့အတူ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ထုတ်ကုန်၊ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို လူတွေပိုပြီးသိလာအောင်လုပ်လာကြသလို အရောင်းမြှင့်တင်တဲ့နေရာတွေမှာဖြစ်ဖြစ် Marketing ကြောင့် လုပ်ငန်းပိုပြီးကြီးလာသလို Customer တွေနဲ့ထိတွေ့ဆက်ဆံတဲ့အပိုင်းတွေမှာလည်း ပိုပြီးကောင်းမွန်လာစေမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်ကလုပ်ငန်းတိုင်းက ကိုယ့်ရဲ့ထုတ်ကုန်၊ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကို လူတွေသိအောင်လုပ်ဆောင်ဖို့ Marketing ကိုပဲအခြေခံပြီးလုပ်ဆောင်ကြရတာပါ။ Customer အသစ်တွေကိုဆွဲဆောင်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ရှိနေပြီးသား လုပ်ငန်းတွေ၊ Customer တွေနဲ့ ရေရှည်လက်တွဲမြဲနေစေဖို့ဆိုတာကလည်း ဒီ Marketing ဆိုတာက မရှိမဖြစ်ပါပဲ။ Marketing ကောင်းရင်ကောင်းသလို ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ရောင်းအားပိုကောင်းတာ၊ ယှဥ်ပြိုင်မှုအားသာချက်တွေရှိတာတွေ ကွဲပြားလာစေမှာဖြစ်ပါတယ်။

တကယ်တော့ Marketing ဆိုတဲ့အသုံးအနှုန်းက မတူညီတဲ့ နည်းဗျူဟာတွေ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့ အရမ်းကျယ်ပြန့်ပြီး ရှုပ်ထွေးပါတယ်။ အဲ့ဒီလိုပဲ ဒီဘက်ခေတ်မှာ လူသုံးများလာတဲ့ Social Network နဲ့ အင်တာနက်နည်းပညာတွေကြောင့် Digital Marketing ဆိုတာကလည်း Marketing အခြေခံကိုမှနားမလည်ပဲနဲ့ ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ ရေတိုသင်တန်းလေးပြေးတက်ပြီး Facebook Pages လေးဖွင့်၊ ပို့စ်လေးတင်၊ Reach များများရအောင် Boost လေး $10, $20 ဖိုးလောက် တပတ်လောက်လုပ်၊ ဒါတွေနဲ့ပဲ တိုင်ပတ်နေမှာပါ။ ရောင်းရတယ်ဆိုလည်း ခဏပါပဲ။ ရေရှည်အတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ လာဝယ်သွားတဲ့ Customer တွေထဲက အများစုက ကိုယ့် Brand, Products ကို မှတ်မိမှာမဟုတ်သလို နောက်လည်း ကိုယ့်ဆီလာပြန်ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် Digital Marketing လုပ်မယ်ဆိုရင် Marketing အခြေခံလောက်ကတော့ သိကိုသိသင့်ပါတယ်။ ဘယ်အောင်မြင်မှုကိုမဆို ရယူနိုင်ဖို့အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်က အရေးကြီးပါတယ်။ ဒါကြောင့် ကျနော့်ရဲ့ Digital Marketing နဲ့ပတ်သတ်တဲ့ ပထမဦးဆုံးပို့စ်အနေနဲ့ Digital Marketing အကြောင်း ဘာမှမပြောသေးခင်မှာ အခြေခံအရေးကြီးတဲ့ Marketing အခြေခံအကြောင်း အနည်းငယ်ကို အရင်ရှင်းပြရခြင်းဖြစ်ပါတယ်။ “လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက် နှေးရမည်” ဆိုတဲ့စကားရှိတယ်မလား?

Marketing မှာ အဓိကအားဖြင့် လူပြောများတဲ့ 4P လို့ခေါ်တဲ့ Product, Price, Promotion, and Place ဆိုတဲ့ (၄) ခုကတော့ အခြေခံအချက်တွေပါပဲ။ Marketing နည်းစနစ်တွေ ဘယ်လောက်ပဲပြောင်းပြောင်း ဒီအခြေခံအချက်တွေကတော့ အမြဲရှိနေမှာပါပဲ။ ဆိုတော့ Marketing အခြေခံဆိုတဲ့အတိုင်း 4P အပြင် စျေးကွက်အကြောင်းသိအောင်လုပ်တာ၊ ကိုယ့်ရဲ့ပြိုင်ဘက်တွေအကြောင်း၊ Customer တွေကတဆင့် နောက်ထပ် Customer တွေထပ်ရှာတာ၊ Marketing လုပ်ရင်းကြုံတွေ့လာရတဲ့ အတားအဆီးတွေနဲ့ ဒီဘက်ခေတ်မှာ Digital Marketing ရဲ့ အရေးပါမှုတွေအကြောင်းကို ကျနော့ရဲ့ ဒီအခြေခံ Marketing အကြောင်းမှာ ထည့်သွင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Marketing ဆိုတာဘာလဲ?

ဘယ်လိုလုပ်ငန်းမှာမဆို Marketing နဲ့ Innovation ဆိုတဲ့ အရေးကြီးတဲ့အစိတ်အပိုင်း (၂) ခုရှိပါတယ်။ Marketing ကတော့ သဘောတရားနားလည်လွယ်ပေမယ့် Innovation အပိုင်းမှာတော့ ပုံစံအမျိုးမျိုး လုပ်ငန်းတခုနဲ့တခုမတူညီကြပါဘူး။ တချို့လုပ်ငန်းတွေက ကိုယ့်ရဲ့ Products တွေကို တခုထက်တခုပိုပြီးကောင်းမွန်လာအောင် တီထွင်ဆန်းသစ်မှုတွေလုပ်ကြသလို တချို့လုပ်ငန်းတွေကတော့ Service ဝန်ဆောင်မှုတွေကို ပိုပြီးကောင်းသည်ထက်ကောင်းလာအောင် တီထွင်ဆန်းသစ်မှုတွေပြုလုပ်ကြတာဖြစ်ပါတယ်။

ဆိုတော့… Marketing ဆိုတာဘာလဲ ဆိုတာကိုဆက်သွားကြမယ်ဗျ။ အရင်ဆုံး ကျနော့ကိုမေးခွန်းလေးတွေ အနည်းငယ်မေးခွင့်ပြုပါ။ ဒီစာကိုဖတ်ရင်း ကိုယ့်ဘာသာလည်း ကိုယ်ပြန်မေးနေဖို့ တိုက်တွန်းချင်ပါတယ်။

  • ကိုယ့်ရဲ့ Customer တွေက ဘာလိုချင်လဲဆိုတာသိလား?
  • ကိုယ့်ရဲ့ Customer တွေက ကိုယ့်လုပ်ငန်းရဲ့ထုတ်ကုန်တွေကို ယုံကြည်မှုရှိတယ်လို့ထင်လား?
  • ကိုယ့်ရဲ့ Customer တွေက ကိုယ့်ဆီကဝယ်သွားတဲ့ ပစ္စည်း၊ ဒါမှမဟုတ် သူကြုံတွေ့ခဲ့ရတဲ့ ဝန်ဆောင်မှုတွေအကြောင်းကို လူအချင်းချင်း၊ ဒါမှမဟုတ် Facebook ပေါ်မှာ ပြန်ပြောကြတာကို ဘယ်အချိန်မှာ နောက်ဆုံးတွေ့ခဲ့တာလဲ? အဲ့ဒီပြောဆိုမှုတွေကရော Complaint တွေလား? ဒါမှမဟုတ် အားပေးချီးကျူးတာတွေလား?
  • ကိုယ်ရောင်းချနေတဲ့ ပစ္စည်းတွေက တခြားပစ္စည်း၊ တခြားလုပ်ငန်းတွေနဲ့ယှဥ်လိုက်ရင် ပိုပြီးကောင်းပါလျက်နဲ့ ဘယ်သူကမှလာမဝယ်ဘူးဆိုရင် ဘယ်လိုဖြစ်မလဲ?
  • ကိုယ့်လုပ်ငန်းကပေးတဲ့ ဝန်ဆောင်မှုတွေက 5/5 Stars ပေးလို့ရလောက်အောင်ကောင်းပေမယ့် အဲ့ဒီဝန်ဆောင်မှုတွေကို ဘယ်သူကမှခံစားခွင့်မရကြဘူးဆိုရင် ဘယ်လိုဖြစ်မလဲ?

စာဖတ်သူကိုယ်တိုင် ဒီမေးခွန်းလေးတွေ ကိုယ့်ဘာသာဖြေကြည့်ပြီးရင်တော့ ဒီမေးခွန်းအားလုံးရဲ့အဖြေက Marketing မှာရှိပါတယ်။

ကျနော်တို့ရဲ့ လုပ်ငန်းမှာ Marketing ကို ဘယ်လိုအသုံးပြုနေသလဲ? လုပ်ငန်းကို ပိုပြီး ကြီးသထက်ကြီးလာအောင် ချဲ့ထွင်နိုင်သလား? ဆိုင်ခွဲတွေ တခုပြီးတခု ပိုပြီးဖွင့်လာနိုင်သလား? ဒီအရာတွေကပဲ ကျနော်တို့ လုပ်ငန်းရဲ့ အောင်မြင်မှု ရှိ၊ မရှိကို ဆုံးဖြတ်ပေးတာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့လုပ်ငန်းတခုဖြစ်လာဖို့ဆိုတာ ပထမဆုံးခြေလှမ်းပဲဆိုတာ ကမ္ဘာမှာအောင်မြင်ကျော်ကြားပြီးသား ပညာရှင်တွေပြောခဲ့ကြတာကို သိကြမှာပါ။ အဲ့ဒီကတဆင့် ကျနော်တို့ဟာ Customer တွေကို ကိုယ့်လုပ်ငန်းကိုသိလာဖို့၊ ကိုယ့်ရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုလာဖို့အတွက် Marketing ဆိုတဲ့အရာ လိုအပ်ပါတယ်။

ဒီနေရာမှာတခုထည့်ပြောဖို့လိုတာက ကျနော်တို့နိုင်ငံက ထုတ်ကုန်ထက်၊ သွင်းကုန်ကိုပိုပြီးအဓိကထားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်ပါတယ်။ ဆိုတော့ ဒီကလုပ်ငန်းသေး တော်တော်များများက Marketing ဆိုတာကို Advertising လို့ထင်နေတတ်ကြပါတယ်။ တကယ်တော့ Advertising ဆိုတာ Marketing ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ပဲရှိပါတယ်။

Advertising is a Component of Marketing

အလွယ်ပြောရရင် Marketing ဆိုတာ ကိုယ့်ရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ကိုယ့်ရဲ့ Customer ဆီရောက်အောင်လုပ်ပေးတဲ့ လုပ်ငန်းစဥ်တခုလုံးကိုခေါ်တာဖြစ်ပါတယ်။ ဘယ်ထုတ်ကုန်ကိုရောင်းမှာလဲ? ဘယ်မှာရောင်းမှာလဲ? စျေးဘယ်လောက်သတ်မှတ်မလဲ? ဘယ်လိုရောင်းမလဲ? ဘယ်လိုကြော်ငြာမလဲ? ဒါတွေအားလုံးပါဝင်တာကို Marketing လို့ခေါ်တာဖြစ်ပါတယ်။ နောက်တခုက Marketing ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ Customer တွေရဲ့လိုအပ်ချက်တွေကို ထိရောက်စွာနှင့် အကျိုးအမြတ်ရရှိစေမယ့် စီမံခန့်ခွဲမှုလုပ်ငန်းစဥ်တခုဖြစ်ပါတယ်။

Marketing ဆိုတာက Market ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီးတော့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဖလှယ်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သော ရောင်းသူနဲ့ ဝယ်သူ အုပ်စုကို ခေါ်တာဖြစ်ပါတယ်။ စျေးကွက်ချဲ့ထွင်ခြင်းဆိုတဲ့အယူအဆက (၁၉) ရာစုနဲ့ (၂၀) ရာစုခေတ်တွေတုန်းက စက်မှုတော်လှန်ရေးအချိန်နဲ့ အဲ့ဒီနောက်ပိုင်းမှာ တဖြေးဖြေးပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

အချုပ်ပြောရရင် Marketing ဆိုတာ ယှဥ်ပြိုင်မှုတွေထက် ကိုယ်ရည်ရွယ်ထားတဲ့ Customer တွေဆီကို အမြတ်အစွန်းရနိုင်တဲ့၊ တန်ဖိုးရှိတဲ့အရာတွေကို နားလည်မှု၊ ဖန်တီးမှုတွေနဲ့ ပေးပို့ပေးရတဲ့ လုပ်ငန်းစဥ်တခုလုံးကိုခေါ်တာဖြစ်ပါတယ်။

ဆက်ရန်ရှိပါသည်…

This post is also available in: English