This post is also available in: English
ကျနော်တို့နေ့စဉ်အသုံးပြုနေတဲ့ Smartphone တွေမှာ Single SIM နဲ့ Dual SIM ဆိုတာက သိပ်ပြီးတော့အထူးအဆန်းကြီးမဟုတ်တော့ပါဘူး။ ကျနော်တို့နိုင်ငံမှာ ဝယ်ယူရရှိနိုင်တဲ့ နောက်ပိုင်းထွက် ဖုန်းအတော်များများကလည်း Dual SIM တွေဆိုတော့ ရင်းနှီးပြီးသားတွေပါပဲ။ ဒီဘက်ကအခေါ်အရဆိုရင်တော့ တကဒ်ထိုး၊ နှစ်ကဒ်ထိုးပေါ့ဗျာ။ ပြည်တွင်းမှာ လူသုံးများတဲ့ SAMSUNG, HUAWEI, Xiaomi စတဲ့ Brand တွေမှာတော့ များသောအားဖြင့် Dual SIM ကို ရင်းနှီးကြပြီး Single SIM နဲ့ Dual SIM ကွာခြားမှု သိပ်မရှိပါဘူး။ ဒါပေမယ့် iPhone တွေမှာတော့ Single SIM နဲ့ Dual SIM ပြဿနာက စထွက်တဲ့အချိန်ကစလို့ အင်တာနက်ပေါ်မှာ ဒီကနေ့ထိတိုင် အငြင်းပွားစရာတခုအနေနဲ့ ရှိနေသေးတယ်ဆိုရင်လည်း မမှားပါဘူး။
ဒီမှာက SIM ကဒ်တွေ တကဒ်ထက်ပိုပြီး အသုံးပြုကြတာ အဆန်းတော့မဟုတ်ပါဘူး။ တချို့ကလည်း Personal နဲ့ Business ကို ခွဲထားချင်တာကြောင့် အနည်းဆုံးတော့ SIM Card (၂) ခုလောက်တော့ သုံးတတ်ကြပါတယ်။ တချို့ကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် SIM Card တကဒ်ကနေ ကဒ်တွေအများကြီး Operator မျိုးစုံဆီကနေ ဝယ်ယူအသုံးပြုကြပါတယ်။ ကျနော်တို့နိုင်ငံမှာက လူတဦးအတွက် မှတ်ပုံတင်တခုကို Operator တခုမှာ SIM Card အများဆုံး (၂) ကဒ်အထိ အသုံးပြုခွင့်ရှိပါတယ်။
SIM Card (၂) ကဒ်ရှိတဲ့သူက ဖုန်း (၂) လုံးလောက်ကိုင်ကြသလို၊ တချို့က ဖုန်း (၁) လုံးတည်းနဲ့ အသုံးပြုကြပါတယ်။ ဒီပို့စ်မှာတော့ တယောက်တည်း ဖုန်းတွေအများကြီးကိုင်တာကို အဓိကပြောချင်တာမဟုတ်ပဲ Single SIM ၊ Dual SIM နဲ့ eSIM တို့ရဲ့ အဓိက အသုံးဝင်ပုံနဲ့ ကွာခြားချက်တွေကိုရှင်းပြချင်တာဖြစ်ပါတယ်။
လက်ရှိ ကျနော်တို့ပြည်တွင်းဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ Android Smartphones အတော်များများက Dual SIM တွေများကြပါတယ်။ Apple iPhone တွေမှာတော့ Dual SIM က Android ဖုန်းတွေလောက် ထွက်တာမကြာသေးသလို iPhone Single SIM နဲ့ iPhone Dual SIM က ဈေးနှုန်းလည်းမတူကြတာမို့ တယောက်နဲ့တယောက် ကြိုက်တာမတူကြသလို၊ တချို့ကျတော့လည်း Apple Warranty ပိုင်းဆိုင်ရာကိစ္စတွေ ပြည်တွင်းမှာ ကွာခြားတာတွေကြောင့်နဲ့ လိုင်းပေါ်က အငြင်းပွားစရာကိစ္စတွေအကြား ရွေးချယ်ရခက်နေတတ်ကြပါတယ်။
iPhone တွေမှာ Dual SIM ဆိုတာ ဘယ်လိုမျိုးလဲ?
Apple iPhone တွေမှာ Dual SIM ဆိုတာက (၂) မျိုးရှိတယ်လို့ပြောလို့ရပါတယ်။ Physical Dual SIM နဲ့ eSIM Dual SIM ဆိုပြီး ခွဲပါတယ်။ Physical Dual SIM ဆိုတာက ကျနော်တို့ အပြင်မှာဝယ်သုံးတဲ့ ဖုန်း SIM Card တွေကို (၂) ကဒ်စလုံး ထည့်သုံးလို့ရတဲ့ ဖုန်းကိုဆိုလိုပါတယ်။ eSIM Dual SIM ဆိုတာကျတော့ ဖုန်း SIM Card တကဒ်နဲ့ eSIM တွဲပြီး သုံးရတဲ့ Dual SIM ဖြစ်ပါတယ်။ အဲ့ဒါကို iPhone တွေမှာတော့ Single SIM လို့ခေါ်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Physical SIM တကဒ်ပဲ ထည့်လို့ရတဲ့အတွက်ပါ။
iPhone Single SIM ကို ထပ်ရှင်းပြရရင် iPhone တွေမှာ iPhone XR, iPhone Xs, iPhone Xs Max ကနေစပြီးတော့ eSIM Support စပေးခဲ့ပါတယ်။ ဆိုလိုတာက အဲ့ဒီ eSIM Support ဖြစ်တဲ့ဖုန်းမှာ eSIM ထည့်သုံးရင် နဂိုပါတဲ့ Physical Single SIM တကဒ်နဲ့ပေါင်းပြီးတော့ Dual SIM ဖြစ်သွားမှာပါ။ eSIM ဆိုတာကျတော့ ကျနော်တို့နိုင်ငံမှာ Operator (၄) ခုရှိတဲ့အနက် (၁) ခုသာလျှင် eSIM ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ နောက်ပိုင်း သူလည်း ရပ်နားလိုက်ရပြီး မရတော့ပါဘူး။
အဲ့ဒီလိုပဲ Apple က eSIM Support စပြီးပေးတဲ့အချိန်မှာ ကျနော်တို့ အရှေ့တောင်အာရှဘက်မှာက Dual SIM ကို ပိုပြီးကြိုက်ကြတာရယ်၊ eSIM က နိုင်ငံတိုင်းမရသေးတာရယ်ကြောင့် iPhone XR, iPhone Xs, iPhone Xs Max ကနေစပြီးတော့ Mainland China, Hong Kong နဲ့ Macao Region တွေအတွက် Physical Dual SIM ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ လက်ရှိ ကျနော်တို့အသုံးပြုနေတဲ့ SIM Card (၂) ကဒ်ထည့်သုံးလို့ရတဲ့ iPhone တွေကိုဆိုလိုပါတယ်။
eSIM ဆိုတာဘယ်လိုမျိုးလဲ?
ကဲ… iPhone တွေရဲ့ Single SIM နဲ့ Dual SIM ဆိုတာကို နားလည်သွားပြီဆိုရင် eSIM အကြောင်း ဆက်ပြောလိုက်ရအောင်ဗျ။ eSIM ဆိုတာ Embedded SIM ကို အတိုကောက်ခေါ်တဲ့နာမည်ဖြစ်ပါတယ်။ အဲ့ဒါကို တချို့က Electronic SIM လို့လည်း အလွယ်ခေါ်ကြပါတယ်။ ဘယ်လိုခေါ်ခေါ် eSIM ပါပဲ။ အဓိကပြောချင်တာက eSIM နဲ့ ကျနော်တို့ လက်ရှိသုံးနေကြတဲ့ SIM တွေနဲ့ ဘာကွာသလဲဆိုတာပါပဲ။ ကျနော်တို့သုံးနေတဲ့ SIM Card တွေက လက်နဲ့ကိုင်ပြီး ဖုန်းထဲထည့်လို့ရသလို ထုတ်လို့လည်းရပါတယ်။ အဲ့ဒါကြောင့် Physical SIM လို့ခေါ်ကြပါတယ်။
Physical SIM တွေမှာ ကျနော်တို့ ဟိုးအရင်ခေတ်တွေတုန်းက စသုံးခဲ့တဲ့ SIM Card Size တွေနဲ့ အခုနောက်ပိုင်း ထွက်လာတဲ့ SIM Card Size တွေ မတူကြဘူးဆိုတာကို သတိထားမိကြမယ်လို့ထင်ပါတယ်။ ဒီဘက်ခေတ်မှာအသုံးများတာတွေပဲ ပြောရရင်တော့ Mini SIM, Micro SIM နဲ့ Nano SIM ဆိုပြီးခေါ်ကြပါတယ်။ တခြား SIM အမျိုးအစားတွေလည်းရှိပါသေးတယ်။ အခု iPhone တွေမှာ ထည့်သုံးတဲ့ SIM Card Size က Nano SIM Size ပဲဖြစ်ပါတယ်။
eSIM မှာကျတော့ ကျနော်တို့ ဖုန်းထဲကိုထည့်ဖို့ လက်နဲ့ကိုင်ထည့်လို့မရပါဘူး။ Embedded SIM ဖြစ်တာကြောင့် အဲ့ဒီဖုန်းစထုတ်ကတည်းက စက်ရုံမှာ သူ့ရဲ့ Board ပေါ်မှာ တခါတည်း eSIM Chip ကို Soldered လုပ်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီဖုန်းမှာ eSIM သုံးချင်တဲ့သူတွေက eSIM ဝယ်လိုက်ရင် အဲ့ဒီ eSIM ကဒ်လေးမှာ ဖုန်းနံပါတ်နဲ့ QR Code နဲ့ပါပါတယ်။ ကျနော်တို့ အသုံးပြုမယ့်ဖုန်းက eSIM Support ဖြစ်ရင် အဲ့ဒီဖုန်းကနေ အဲ့ဒီ QR Code ကို Scan လုပ်ပြီး ထည့်ပြီး Configure လုပ်ပြီးတော့ သာမာန် SIM Card တွေလိုပဲ ပုံမှန်အသုံးပြုလို့ရပါတယ်။
eSIM က အခုပြောတဲ့ iPhone တွေမှမဟုတ်ပါဘူး။ အခြားသော Products တွေမှာလည်း eSIM Support လုပ်ရင် အသုံးပြုလို့ရပါတယ်။ ဥပမာ – Apple Watch Series 3 (Cellular Version) နဲ့ နောက်ပိုင်းထွက်တွေမှာ eSIM Support ဖြစ်တာကြောင့် အသုံးပြုလို့ရပါတယ်။
သာမာန် SIM မသုံးပဲ eSIM သုံးရင် ဘာတွေအကျိုးရှိလဲ?
အလွယ်ကူဆုံးနဲ့ မြင်သာအောင်ပြောရရင် eSIM က အပေါ်မှာပြောခဲ့သလို ထည့်ချင်/ ထုတ်ချင်ရင် လက်နဲ့ကိုင်ထုတ်လို့မရပါဘူး။ ကြုံဖူးတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ iPhone ပျောက်ဖူးတဲ့သူတွေပေါ့။ ဖုန်းအခိုးခံလိုက်ရရင် ခိုးသွားတဲ့သူက ဖုန်းကို ချက်ခြင်း Power Off ပစ်တာ (သို့မဟုတ်) SIM Card ထုတ်ပစ်တာမျိုးတွေ ကြုံဖူးကြမှာပါ။ တကယ်လို့ ကိုယ်က eSIM သုံးတဲ့သူဆိုရင် အဲ့ဒီ eSIM ကနေပဲ ဖုန်းအင်တာနက်သုံးတဲ့သူဆိုရင် ခိုးသွားတဲ့သူက Power Off မလုပ်မချင်း ဖုန်းက အင်တာနက်ရနေမှာဖြစ်တဲ့အတွက် Location Trace လုပ်တာ ပိုအဆင်ပြေစေမှာပါ။
eSIM က ဖုန်း Settings ထဲဝင်ပြီး Remove eSIM လုပ်မှသာ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း Settings ထဲဝင်ဖို့အတွက် ဖုန်းမှာခံထားတဲ့ Passcode/ Password လိုပါတယ်။ အဲ့ဒါမသိရင် ဖုန်းက Mobile Data ရနေတဲ့အတွက် ဖုန်းပျောက်တာနဲ့ Find My ကတဆင့် ဖုန်းရဲ့ Location ကိုသိဖို့/ ရှာဖွေဖို့ အချိန်တခုရကောင်းရနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Physical SIM သုံးထားတဲ့ iPhone တလုံးပျောက်သွားရင် ခိုးသွားတဲ့သူက SIM Card ကိုထုတ်လိုက်ရင် ဖုန်းက Internet မရတော့တဲ့အတွက် Find My iPhone ကတဆင့် ကျွန်တော်တို့ ပြန်ရှာရင် အလွယ်တကူမရနိုင်တော့ဘူးပေါ့ဗျာ။
Single SIM နဲ့ Dual SIM လိုင်းဆွဲအားမှာ ကွာခြားမှုရှိလား?
မရှိပါဘူး။ လိုင်းပေါ်မှာတော့ အမျိုးမျိုးထင်ကြေးနဲ့ ပြောကြတာတွေရှိပါတယ်။ ဆက်သွယ်ရေးတာဝါတိုင်နဲ့ Range ဝေးဝေးမှာရှိရင် လိုင်းဆွဲအားနည်းမယ်၊ Range နီးရင် လိုင်းဆွဲအားပိုကောင်းမယ်။ Range ဝေးရင် ဖုန်းက လိုင်းပိုဆွဲရတဲ့အတွက် Battery အားတောင် ပိုကုန်ပါသေးတယ်။
iPhone တွေမှာ Region မတူရင် Quality မတူဘူးဆိုတာဟုတ်လား?
ဘာမှမဆိုင်ပါဘူး။ iPhone တွေကို သက်ဆိုင်ရာ Apple ပစ္စည်းထုတ်တဲ့စက်ရုံတွေမှာ အားလုံးအတူတူပဲထုတ်ကြပါတယ်။ ပြီးမှ ပို့မယ့်နိုင်ငံအလိုက် Region Code တွေခွဲပြီး ပို့တာဖြစ်ပါတယ်။ နိုင်ငံတခုနဲ့တခု အသုံးပြုတဲ့ Adapter ခေါင်းတွေနဲ့ နိုင်ငံအလိုက်သတ်မှတ်ထားတဲ့ ဥပဒေတွေကြောင့် တချို့ Features လေးတွေ အနည်းငယ်ပဲကွာခြားပါတယ်။ ဥပမာ – အားသွင်းခေါင်းက တချို့ Region တွေမှာ (၂) ပေါက်ထိုးဖြစ်ပြီး တချို့ Region တွေမှာ (၃) ပေါက်ထိုးဖြစ်နေတာမျိုး။ ဂျပန်နိုင်ငံမှာရောင်းရတဲ့ iPhone အားလုံးဟာ Camera ရိုက်ရင် Shutter အသံမထွက်လို့မရတာမျိုး။ စသည်ဖြင့်ပဲ ကွာခြားပါတယ်။ ကျန်တာအားလုံး အတူတူပါပဲ။
မြန်မာပြည်မှာ iPhone Single SIM နဲ့ Dual SIM က ဘာလို့စျေးကွာတာလဲ?
စျေးကွာတဲ့အကြောင်းမပြောခင် iPhone Warranty အကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ Apple Devices အားလုံးမှာ စဝယ်လိုက်တဲ့အချိန်ကနေစပြီး (၁) နှစ်တိတိ Apple Official Warranty ဆိုတာရှိပါတယ်။ အဲ့ဒီ Warranty ဆိုတာက ပေါပေါပဲပဲ ပါးစပ်ကပြောတဲ့ အာမခံပါတယ်ဆိုတဲ့ Warranty ဆိုတာမျိုးမဟုတ်ပါဘူး။ Apple Inc. ကနေ တရားဝင်ပေးထားတဲ့ Official Warranty 1 Year ဖြစ်ပါတယ်။ Apple ရဲ့ Check Your Service and Support Coverage မှာ Serial Number နဲ့ စစ်ဆေးလို့ရပါတယ်။
ဆိုတော့… Apple Warranty က ဘယ်လိုပေးလဲဆိုတာလည်း သိဖို့လိုပါတယ်။ Apple က သူ့ပစ္စည်းတွေရောင်းချနေတဲ့ နိုင်ငံတွေအများကြီးရှိပါတယ်။ အဲ့ဒီနိုင်ငံတွေမှာ Apple Official Service Center တွေရှိသလို Official Distributor တွေလည်းရှိပါတယ်။ iPhone သုံးတဲ့သူတိုင်း သိကြပါလိမ့်မယ်။ iPhone တွေမှာ Model Number မှာ ZP/A တို့ ZA/A တို့ LL/A တို့ စတဲ့ Code တွေတွေ့ဖူးကြမှာပါ။ အဲ့ဒါတွေက အဲ့ဒီဖုန်းကို ဖြန့်ချီထားတဲ့ နိုင်ငံအတွက် သီးသန့် Code တွေပါပဲ။ ကျနော်တို့မြန်မာပြည်အတွက် သီးသန့် Code မရှိသေးပါဘူး။ ကျနော်တို့ဆီမှာ Apple Official အနေနဲ့ Genxt (Authorized Distributor) ကနေတဆင့် mDrive (Authorized Reseller) ကတဆင့်ပြန်လည်ရောင်းချပေးတဲ့ iPhone တွေက Singapore Region တွေဖြစ်ပါတယ်။
ဒါကြောင့် Warranty ဘယ်လိုပေးတာလဲဆိုရင် iPhone တွေက သူ့ Region နဲ့သူ သက်ဆိုင်ရာ Authorized Distributor နဲ့ Authorized Service Provider တွေကပေးပါတယ်။ ကျနော်တို့ဆီမှာတော့ iPhone တွေအတွက်ဆိုရင် mCare (Authorized Service Provider) ပေါ့ဗျာ။ mDrive က Distributor လည်းဖြစ်သလို Apple Store တွေလည်းဖွင့်ထားပါတယ်။ သူကတဆင့် mCare ဆိုပြီး Authorized Service Provider အဖြစ်ထားရှိပြီး ပြည်တွင်းဖုန်းဆိုင်ကြီးတွေရဲ့ Service တွေမှာ Apple Authorized Service ဆိုတာမျိုးတွေလည်း ပေးထားတာတွေရှိပါတယ်။ Genxt နဲ့ mDrive က iPhone တွေအားလုံးက Single SIM တွေနဲ့ Singapore Region တွေပဲဖြစ်ပါတယ်။ ဘာလို့ဆိုတော့ Singapore Region အတွက် Dual SIM မထွက်လို့ပါပဲ။
အခုလို မြန်မာပြည်မှာ Apple Official ဆိုတာမျိုးတွေ မရှိခင်တုန်းက Apple Official Warranty ရဖို့အတွက် ပြည်တွင်းမှာ ဘယ်လိုမှမလွယ်ကူလှပါဘူး။ ကိုယ်ဝယ်တဲ့ဆိုင်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ပဲ အရဲစွန့်ဝယ်ယူသုံးခဲ့ကြတာပါ။ Factory Fault ဖြစ်ပြီဆိုတာနဲ့ ကိုယ်ဝယ်ထားတဲ့ဆိုင်ကတဆင့် Region အလိုက် Warranty ပြန်ပို့တာမျိုးလုပ်ရပါတယ်။ တချို့ဆိုင်က သူတို့ဝန်ဆောင်မှုအနေနဲ့ FREE ပြန်ပို့ပေးကြသလို၊ တချို့က ပြန်ပို့ရတဲ့နိုင်ငံအပေါ်မူတည်ပြီး Transportation Charges ဆိုပြီးတော့ ထပ်တောင်းကြပါတယ်။ iPhone တွေက ဟိုးအရင်တုန်းကလို International Warranty မပေးတော့တဲ့အတွက်ကြောင့် နီးစပ်ရာ Apple Service ကိုပို့လို့မရပါဘူး။ သူ့ Region ဝင်တဲ့နိုင်ငံက Apple Service ကိုပဲ ပြန်ပို့လို့ရပါတယ်။
ဒါတွေ လက်ညောင်းခံပြီးရှင်းပြနေရတာက အပေါ်မှာမေးထားတဲ့ Single SIM နဲ့ Dual SIM ဘာလို့စျေးကွာတာလဲနဲ့ လိုင်းပေါ်က အငြင်းပွားစရာတွေကို နားလည်စေချင်လို့ပါပဲ။ ကဲ… iPhone တွေက Region အလိုက် Warranty Handling လုပ်တယ်ဆိုတာ သိပြီဆိုတော့ ကျနော်တို့နိုင်ငံက iPhone Users တွေကြား အငြင်းပွားနေတဲ့ Single SIM က ပိုကောင်းတယ်၊ Dual SIM က ပိုကောင်းတယ်၊ ဘယ်ဟာက စျေးပိုကြီးတယ် ဆိုတာမျိုးတွေအတွက် ထပ်ရှင်းပြပါဦးမယ်။
မြန်မာနိုင်ငံအတွက် Apple Authorized Reseller ကို အပေါ်မှာပြောခဲ့တဲ့ နီပေါနိုင်ငံက လုပ်ငန်းကြီးတခုဖြစ်တဲ့ Genxt (Generation Next Communications Pvt. Ltd.) ကတဆင့် mDrive ကိုတရားဝင်ပေးထားပါတယ်။ ဒါကြောင့် မြန်မာပြည်အတွက် Region ဝင်တဲ့ iPhone (Single SIM) တွေကို mDrive ကတဆင့် ဖြန့်ဖြူးရောင်းချပေးတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ iPhone (Single SIM) တွေအတွက် Warranty ကို တာဝန်ယူပါတယ်။ ပြည်တွင်းမှာပဲ Apple Official Service ကို mCare မှာရတာကြောင့် Warranty Handling Process က အရင်တုန်းကလောက် ရက်တွေအကြာကြီးမစောင့်ရတော့ပါဘူး။
အဓိကပြောချင်တဲ့အပိုင်းရောက်လာပါပြီ။ iPhone (Dual SIM) တွေကတော့ mDrive ကနေ သွင်းတာမဟုတ်ပါဘူး။ သူ့အနေနဲ့ Apple က သတ်မှတ်ပေးထားတဲ့ Region ဝင်တဲ့ Singapore Region တွေမဟုတ်တဲ့အတွက် တရားဝင်သွင်းခွင့်မရှိပါဘူး။ ဒါဆို iPhone (Dual SIM) တွေက ဘယ်ကလာလဲဆိုတော့။ ပြည်တွင်းက လုပ်ငန်းရှင်ကြီးတွေနဲ့၊ ပြည်ပ Distributor ကြီးတွေကတဆင့် ချိတ်ဆက်ပြီး iPhone (Dual SIM) ရောင်းတဲ့ Regions (Mainland China, Hong Kong, Macao Region) တွေကတဆင့် ပြည်တွင်းကို ပြန်သွင်းကြပါတယ်။
အပေါ်မှာပြောခဲ့သလိုပဲ iPhone Dual SIM တွေက mDrive ကသတ်မှတ်ထားတဲ့ Region မဟုတ်တာကြောင့် တခုခုဖြစ်ရင် mCare မှာ သွားပြလို့ mCare က Warranty Handling Process ကို တာဝန်ယူဖြေရှင်းပေးလို့မရပါဘူး။ ဒါက Apple က သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းက iPhone (Dual SIM) တွေကို ရောင်းချပေးတဲ့ဆိုင်တွေကပဲ တာဝန်ယူရပါတယ်။ Factory Fault တခုခုဖြစ်ရင် သက်ဆိုင်ရာ Region အလိုက်ပြန်ပို့ပြီး Warranty Process လုပ်ကြပါတယ်။ ဒါကြောင့် တဆိုင်နဲ့တဆိုင် Warranty Handling Process လုပ်ကြတာချင်း မတူတာကြောင့် မြန်တာ၊ ကြာတာ ကွာနိုင်ပါတယ်။ iPhone (Dual SIM) ဝယ်မယ်ဆိုရင်တော့ စိတ်ချရတဲ့ ဆိုင်ကြီးတွေမှာပဲ ဝယ်ယူတာ အကောင်းဆုံးပါပဲ။
စျေးကွာရတဲ့အကြောင်းအရင်းလေး ဆက်ပြောရအောင်။ iPhone (Single SIM) တွေက Apple ကတဆင့် Genxt ကိုလာတယ်။ အဲ့ကတဆင့် mDrive ကို လာပါတယ်။ Genxt ရော mDrive ရောက Apple Authorized တွေဖြစ်တာကြောင့် သူတို့ကတဆင့် ဖုန်းဆိုင်တွေကို ပြန်ဖြန့်ကြပါတယ်။ ဒါကြောင့် Genxt နဲ့ mDrive က သူတို့ဖြန့်တဲ့ ဖုန်းတွေရဲ့ စျေးနှုန်းတွေကို တခါတည်းသတ်မှတ်ပြီး တနိုင်ငံလုံးတူအောင်လုပ်ပြီး ဖြန့်ပါတယ်။ iPhone (Single SIM) အားလုံးက Authorized ဆီကလာရင် အားလုံးတစျေးတည်းပါပဲ။ လျော့ရောင်းလို့မရသလို၊ ပိုရောင်းလို့လည်းမရပါဘူး။
Dual SIM တွေကျတော့ အပေါ်မှာပြောပြခဲ့သလို Region ဝင်တဲ့ နိုင်ငံကတဆင့် (ဥပမာ – Hong Kong) ကလာတာဖြစ်တဲ့အတွက် ပြည်တွင်း/ ပြည်ပ Distributor တွေရဲ့ သယ်ယူစရိတ်တွေ၊ ဝန်ဆောင်ခတွေနဲ့၊ အမြတ်အစွန်းတွေအပေါ်မူတည်ပြီး စျေးနှုန်းပြောင်းလဲမှုတွေရှိတတ်ကြပါတယ်။ အမြဲ တသတ်မှတ်တည်းမရှိကြပါဘူး။ iPhone Model တခု စထွက်ခါစဆို စျေးနှုန်းကွာခြားမှု ပိုသိသာတတ်ကြပါတယ်။ ငွေစျေးနှုန်းအပြောင်းအလဲကြောင့်လည်း စျေးအတက်အကျရှိတတ်ပါသေးတယ်။ ဒီလောက်ဆို စျေးနှုန်းကွာခြားမှု ဘာကြောင့်ဖြစ်တယ်ဆိုတာ သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။
အရေးကြီးတဲ့အပိုင်းတခုအနေနဲ့ iPhone Warranty ကို Apple က ဘယ်လိုဆုံးဖြတ်လဲ?
iPhone (Single SIM) ပဲဖြစ်ဖြစ်၊ iPhone (Dual SIM) ပဲဖြစ်ဖြစ် Apple Official Warranty 1 Year စဝယ်တာနဲ့ ပါပါတယ်။ ဘာဝယ်ဝယ် အတူတူပါပဲ။ Factory Fault ဖြစ်ရင် သက်ဆိုင်ရာ Apple Service ကို ပို့ရပါတယ်။ မြန်မာပြည်မှာတော့ mCare နဲ့ iPro တို့လို Apple Authorized Service Provider ကို တခါတည်းသွားတတ်ကြသလို၊ များသောအားဖြင့် ဝယ်ခဲ့တဲ့ဆိုင်ကို ပြန်လာကြတာများပါတယ်။ အဲ့ဒီကတဆင့် ဆိုင်တွေက Authorized Service Technicians တွေက လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး ချက်ခြင်းဆောင်ရွက်ပေးရမယ့်ဟာလား၊ Authorized Apple Service ကိုပို့ပြီး စစ်ဆေးဆောင်ရွက်ခိုင်းရမှာလားဆိုတာ ဆုံးဖြတ်ကြပါတယ်။
iPhone (Single SIM) ပဲဖြစ်ဖြစ် iPhone (Dual SIM) ပဲဖြစ်ဖြစ် Apple Official Warranty ဘယ်လိုပေးလဲဆိုတာလေးပြောချင်ပါတယ်။ Warranty ကို Apple ကနေ ဆုံးဖြတ်ပါတယ်။ Official Warranty 1 Year ဆိုတာ Factory Fault အတွက်ပေးတာဖြစ်ပါတယ်။ လူကြောင့်ဖြစ်တဲ့ User Fault အတွက် ဘယ်ပစ္စည်းမှာမှ Warranty အလကားမပေးထားပါဘူး။ နောက်တခု Apple ရဲ့ Factory Fault Warranty မှာ (၂) ပိုင်းရှိပါတယ်။ တမျိုးက Replacement Unit (အစားထိုးအသစ်တလုံး) ပေးတာပါ။ ဒီနေရာမှာ မရှင်းကြတာက အသစ်တလုံးပေးတယ်ဆိုတာ စဝယ်တုန်းကလို Packing Box နဲ့ ပစ္စည်းအစုံပေးတာမဟုတ်ပါဘူး။ iPhone ဆိုတဲ့ ဖုန်းသက်သက်ကိုပဲ Replacement အနေနဲ့ပေးတာဖြစ်ပါတယ်။
နောက်တမျိုးက Spare Parts လဲတာဖြစ်ပါတယ်။ Apple Authorized Service အနေနဲ့ တချို့သော Warranty Process တွေမှာ Factory Fault ဖြစ်တဲ့ အစိတ်အပိုင်းအလိုက် ပြုပြင်ကြတာမျိုးရှိသလို အပေါ်ကလိုမျိုး Replacement Unit အနေနဲ့ တလုံးလုံးလဲပေးတာမျိုးလဲရှိပါတယ်။ ဒါတွေကို Apple နဲ့ သူ့ရဲ့ Authorized Service Provider ကပဲ ဆုံးဖြတ်ပါတယ်။ Complaint တက်ပိုင်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ သူတို့ T&C နဲ့ Warranty မှာ ထည့်ရေးထားတာ ဘယ်သူမှမဖတ်ကြလို့ပါပဲ။ အဓိကက Warranty ကို (၁) နှစ်အတွင်း ပြောထားတဲ့အတိုင်း တာဝန်ယူပေးရင်ရပါပြီ။
ဒါဆို Single SIM နဲ့ Dual SIM ဘာဝယ်ရမလဲ?
ဝယ်ချင်တာဝယ်ပါ။ ဟုတ်ပါတယ်… ကိုယ့်အတွက် အသုံးတည့်မယ့်ဖုန်းပဲ ဝယ်ပါ။ ဘယ်သူဘာပြောပြော ကိုယ်သုံးမှာ ကိုယ့်စိတ်ကြိုက်ဝယ်ပါ။ လိုင်းပေါ်က ထင်ရာမြင်ရာ လျှောက်ပြောတဲ့ စကားလုံးတွေမှာ လမ်းမဆုံးပါစေနဲ့လို့ပဲ အကြံပြုချင်ပါတယ်။ အဲ့တော့ ထပ်ပြောရရင် ကိုယ်ကြိုက်တာ ကိုယ်ဝယ်ပါ။ အထူးသဖြင့် Service ကောင်းတာဝယ်ပါ။ ဘာဝယ်ဝယ် စိတ်ချရတဲ့ဆိုင်တွေ (သို့မဟုတ်) Authorized Store မှာပဲဝယ်ပါ။ အဓိက ကိုယ်ပေးရတဲ့ငွေနဲ့ ထိုက်တန်တာပြန်ရဖို့ပါပဲ။
iPhone (Single SIM) က SIM Card တကဒ်ပဲ သုံးတတ်သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။ eSIM ကိစ္စကတော့ လောလောဆယ် မေ့ထားလိုက်ပေါ့။ တခုခုဖြစ်ရင်လည်း Warranty Process က ပြည်တွင်းမှာပဲ အလွယ်တကူရနိုင်တာဆိုတော့ မြန်တာပေါ့။ Oversea မကြာခဏသွားရတဲ့သူတွေအတွက် iPhone (Dual SIM) က ပိုအဆင်ပြေပါလိမ့်မယ်။ ပြည်တွင်းကနေ Roaming ဖွင့်ပြီး ကိုယ်သုံးနေကျကဒ်ကို ကိုယ်သွားမယ့်နိုင်ငံထိလည်းထည့်သွားပြီး Roaming နဲ့ ဆက်သုံးလို့ရသလို၊ တဖက်နိုင်ငံရောက်ရင်လည်း လေဆိပ်မှာ အလွယ်တကူဝယ်လို့ရတဲ့ အဲ့နိုင်ငံက SIM Card ထည့်သုံးလို့ အဆင်ပြေတာပေါ့ဗျာ။
မင်းကရော ဘာဖုန်းသုံးလို့လဲ?
ကျနော်ကတော့ လက်ရှိမှာ iPhone ** Pro Max (Dual SIM) သုံးပါတယ်။ ကိုယ့်အတွက်က Dual SIM က ပိုအဆင်ပြေလို့ သုံးပါတယ်။ Personal နဲ့ Business (၂) မျိုးခွဲထားလိုက်တော့ ပိုအဆင်ပြေတယ်။ Online SMS Auth တွေအတွက်လည်း ခေါင်းမစားရတော့ဘူး။ အဆင်ပြေသလို ခွဲထားလိုက်ရုံပဲ။ ပြီးတော့ ဘယ်သွားသွား ဖုန်း (၂) လုံး (၃) လုံးနဲ့ အလုပ်ရှုပ်မနေတော့ဘူး။ တခြား Functions တွေ Features တွေကလည်း အတူတူပဲဆိုတော့လေ။
ဒါနဲ့… Genxt နဲ့ mCare က iPhone (Single SIM) ကြိုက်တဲ့သူတွေအတွက် Apple Official Warranty 1 Year အပြင် Genxt Extended Warranty 1 Year ထပ်ပေါင်းပေးထားပါတယ်။ အလွယ်ပြောရရင် စုစုပေါင်း Warranty (2) Years ဖြစ်သွားတဲ့သဘောပေါ့။ Extended 1 Year ရဲ့ Warranty T&C ကိုတော့ မြန်မာပြည်အတွက် mCare ကနေပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ Terms & Conditions မှာ အသေးစိတ်ဖတ်ရှုလို့ရပါတယ်။
This post is also available in: English