This post is also available in: English

-ကျနော်တို့ ကွန်ပျူတာအသုံးပြုသူတိုင်း ရင်းနှီးပြီးသားဖြစ်တဲ့ Input Device တခုဖြစ်တဲ့ Mouse က သာမာန်အသုံးပြုသူများအတွက်ကတော့ သူ့ရဲ့အားနည်းချက်တွေကို သတိထားမိချင်မှ ထားမိနိုင်ပါတယ်။ Graphic Designer တွေနဲ့ Digital Artist တွေအတွက်ကတော့ Mouse တလုံးရဲ့ အားနည်းချက်တွေကို မသိကြသေးတာရှိသလို၊ သိလျက်နဲ့ပဲ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေကို အကုန်ခံပြီး အသုံးပြုနေကြတုန်းပဲဆိုရင်လည်း မမှားပါဘူး။

Mouse တလုံးရဲ့အလုပ်လုပ်တဲ့ပုံစံက အလွယ်ပြောရရင် အသုံးပြုသူရဲ့လက်ကနေ တွန်းတာ၊ နှိပ်တာကို ကွန်ပျူတာမှာသွားပြီး အလုပ်လုပ်စေတာမျိုးပါ။ ကွန်ပျူတာ Screen ပေါ်မှာရှိတဲ့ Mouse Pointer လေး တနေရာကနေ တနေရာကိုရွေ့သွားစေဖို့အတွက် လက်ထဲက Mouse ဆိုတဲ့အရာကို တွန်းပို့ပေးရတာဖြစ်ပါတယ်။ ဆိုတော့… အဲ့ဒီရွေ့လျားမှုအတွက် အချိန်တွေပေးရပါတယ်။ အဲ့ဒီအချိန်တွေက သာမာန် User တွေအတွက် သိပ်မသိသာပေမယ့် Graphic Designer တွေနဲ့ Digital Artist တွေအတွက်ကတော့ Mouse တလုံးနဲ့ပဲဆွဲရတာ ဘယ်လောက်တောင်မှအဆင်မပြေဖြစ်လဲဆိုတာကို Drawing Tablet ကို မရင်းနှီးသေးရင်တော့ သိမှာမဟုတ်ပါဘူး။

တကယ်တော့ Drawing Tablet ဆိုတာ Touch Screen လိုမျိုးအသုံးပြုရတာမဟုတ်သလို Mouse လိုမျိုးအသုံးပြုရတာမျိုးလည်း မဟုတ်ပါဘူး။ ကျနော်တို့ အလွယ်တကူနားလည်အောင်ပြောရရင် ဟိုးငယ်စဥ်ကတည်းကအသုံးပြုခဲ့ကြတဲ့ စာရွက်နဲ့ခဲတံ အသုံးပြုတဲ့အတိုင်းပဲလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

Drawing Tablet စသုံးခါစမှာ အဆင်မပြေဖြစ်ကြပြီဆိုတာနဲ့ Touch Screen တွေ Mouse တွေနဲ့ ယှဥ်ပြီးတော့ စိတ်တိုင်းမကျဖြစ်တတ်ကြပါတယ်။ တကယ်တမ်းက Drawing Tablet မှာပါတဲ့ Pen (ကလောင်တံ) ကို ကိုင်လိုက်ပြီဆိုတာနဲ့ စာရွက်မှာရေးတော့မယ်ဆိုတဲ့ အမြင်/ အသိ ထားလိုက်ပြီဆိုတာနဲ့ မထင်မှတ်ထားရလောက်အောင်ကို ပိုပြီးတော့သုံးလို့ကောင်းနေမှာဖြစ်ပြီး လုပ်ဆောင်သမျှ အရမ်းကို မြန်ဆန်လွယ်ကူလာစေတယ်ဆိုတာ သိလာရမှာပါခင်ဗျာ။

ကျနော်တို့လူသားတွေမှာ ထူးခြားတဲ့အသိစိတ်တခုရှိတာလေး သတိထားမိကြမယ်ထင်ပါတယ်။ ဘာလည်းဆိုတော့ ကျနော်တို့လူတွေက တခုခုဆိုရင် မှန်းဆပြီးသွားတတ်/ လုပ်တတ်ကြတာပါပဲ။ ကျနော်တို့ ရင်းနှီးပြီးသားအရာ၊ ရောက်ဖူးပြီးသားနေရာတွေဆိုရင် ဘာမှမမြင်ရအောင်မှောင်နေပါစေဦး ကျနော်တို့သွားတတ်လာတတ်/ လုပ်ကိုင်တတ်ကြပါတယ်။ အဲ့ဒီလိုပဲ Drawing Tablet အသုံးပြုရင်လဲ မျက်စိက ငုံ့ကြည့်နေစရာမလိုပဲ Screen ပေါ်က Mouse Pointer လေးကိုသာ ကြည့်ပြီးအသုံးပြုနေရုံပါပဲ။

နောက်ပြီးတော့… Drawing Tablet တွေကို ပညာရေး၊ စာသင်ကြားရေး၊ သင်တန်း၊ Presentation လုပ်ရသူတွေ၊ Designer တွေ၊ Photo Retouching လုပ်သူတွေ၊ Artist တွေ ထိအသုံးပြုလို့ရပါတယ်။ လက်ရှိမှာလည်း အသုံးပြုနေကြတဲ့ ပညာရှင်တွေအများကြီးပါ။ ကိုယ့်အတွက် ဝယ်သင့်ရဲ့လား? ဘာကြောင့်ဝယ်သင့်တာလဲဆိုတာလေး ထပ်မံရှင်းပြပေးချင်ပါတယ်။

ကျနော်တို့ Mouse တလုံးက တို့မယ်/ ထိမယ် ဆိုတဲ့နေရာတွေမှာ ဘာပြဿနာမှမရှိပေမယ်လို့ ပွတ်သပ်ရတာမျိုးတွေ၊ အဖိ/ အဖော့လေးတွေရှိလာပြီဆိုရင်တော့ Mouse က ကိုယ့်အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို လိုက်မလုပ်ပေးနိုင်တော့ပါဘူး။ Mouse ကိုင်တဲ့ပုံစံအနေအထားအရလည်း လက်ကောက်ဝတ်ကလုပ်ဆောင်နိုင်တဲ့အရာတွေကို မစွမ်းဆောင်ပေးနိုင်ပါဘူး။

ဒါကြောင့် Drawing Tablet နဲ့ဆိုရင် စာရေးတာ၊ အမှတ်အသားလုပ်တာ၊ Sign ထိုးတာတွေထိ အခြေခံအသုံးဝင်ရုံသာမက ပွတ်သပ်ထိတွေ့ရတဲ့ Designer တွေမှာ သတ်မှတ်ချက်ရှိတဲ့ Opacity တခုတည်းအောက်မှာတင်မဟုတ်ပဲ ကိုယ့်လက်ထဲက Pen Pressure ရဲ့ အားသာချက်ကြောင့် အနုအရင့်အရောင်တွေကို အသုံးပြုခွင့်ရရှိစေမှာဖြစ်ပါတယ်။

ကိုယ်တိုင်က Artist တယောက်ဆိုရင် ကိုယ့်ရဲ့စိတ်ခံစားမှုအတိုင်း အဖိ/ အဖော့လေးတွေကတဆင့် ဆေးစက်ချရာ အရုပ်ထင်နိုင်ဖို့အတွက် နည်းပညာဆော့ဝဲလ်တွေရဲ့ အကူအညီတွေမလိုအပ်ပဲ Drawing Tablet တလုံးရှိရုံနဲ့ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း ပုံရိပ်တွေထွက်လာစေမှာပဲဖြစ်ပါတယ်ခင်ဗျာ။

သာမာန်ကွန်ပျူတာအသုံးပြုသူတွေအတွက်လည်း Drawing Tablet က ကိုယ်သွားချင်/ ထိချင်တဲ့ Screen နေရာကို လက်ချလိုက်တာနဲ့ရောက်တာမို့ Mouse တလုံးထက်ပိုပြီး အလုပ်တွင်ကျယ်စေမှာပါ။ တခုရှိတာက Drawing Tablet ကိုရင်းနှီးလာဖို့၊ ကိုယ်အသုံးပြုနေတဲ့ Drawing Tablet ရဲ့ အကွာအဝေး၊ အတိုင်းအဆတွေကိုသိဖို့ကတော့ လေ့ကျင့်မှုလေးတွေ ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

This post is also available in: English